“What is Public Relations”
“Public Relations လူထုဆက်ဆံရေးဆိုသည်မှာ…”
“တကယ်လို့ ကျနော့်မှာ စျေးကွက်ဖော်ဆောင်ရေးအတွက် နောက်ဆုံးတစ်ဒေါ်လာပဲ ရှိတော့မယ်ဆိုရင် အဲဒီငွေကို လူထုဆက်ဆံရေးမှာပဲ သုံးလိုက်မယ်” ဟု Microsoft ကို ပူးတွဲတည်ထောင်ခဲ့သည့် ဥက္ကဌဟောင်း ဘီဂိတ်လ်က ဆိုသည်။
Public relations ဆိုသည်မှာ မိမိရည်ရွယ်ထားသူများနှင့် အဖွဲ့အစည်းကြားက ဆက်သွယ်ရေးကို စီမံခန့်ခွဲပေးခြင်းဟု လူထုဆက်ဆံရေးပညာရှင်များက ဆိုကြသည်။
ယနေ့ခေတ်တွင် အများနှင့်ကင်းကွာပြီး တစ်ယောက်တည်း သီးသန့်ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် ရှင်သန်နေထိုင်၍ မရနိုင်တော့ပါ။ တစ်ယောက်တည်းသီးသန့်လုပ်၍ရနိုင်သည်ဟု ယူဆထားကြသည့် အလုပ်များသည်လည်း လက်တွေ့တွင် တစ်ယောက်တည်းလုပ်ရန် မလွယ်ကူတော့ပါ။ ထို့ကြောင့်ပင် လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်၊ အလုပ်သမား၊ စားသုံးသူ၊ ကော်ပိုရိတ်၊ ရှယ်ယာရှင်၊ အေဂျင်စီ၊ မီဒီယာ၊ လူထု၊ စျေးကွက်ဖော်ဆောင်ရေး၊ အဖွဲ့အစည်း၊ အစိုးရ၊ ပြည်သူ့ရေးရာစသည်များနှင့် ဆက်ဆံရေးတွင် လူထုဆက်ဆံရေးSkill ကျွမ်းကျင်မှုရှိရန် လိုအပ်လာပြီဖြစ်သည်။
လူထုဆက်ဆံရေးဆိုသည်မှာ အရေးပေါ်အခြေအနေဖြစ်လာမှသာ စီမံခန့်ခွဲရခြင်းမျိုးမဟုတ်ဘဲ ဖြစ်လာနိုင်သည့် ဘေးရန်များကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်၍ ဖြစ်လာခဲ့သည်ရှိသော် မည်သို့ဖြေရှင်းမည်ကို အစီအစဥ်ဆွဲထားရခြင်းဖြစ်သည်။ ထို့ပြင် မိမိလိုချင်သည့်ရလဒ် ရရှိစေရန် တိုက်တွန်းစည်းရုံးမှုမှသည် မိမိမလိုလားသည့်အရာများ မဖြစ်စေရန်ပါ စီစဥ်ထားခြင်းမျိုးဖြစ်သည်။ အနည်းဆုံး မိမိနှင့်မိမိအဖွဲ့အစည်းကို လူမုန်းများသည်ထက်စာလျှင် လူချစ်လူခင်များလာစေရန် စွမ်းဆောင်ပေးနိုင်သည်မှာ လူထုဆက်ဆံရေးပင်ဖြစ်သည်။ လူထုဆက်ဆံရေးဆိုသည်မှာ ရည်ရွယ်ချက်ကောင်းကောင်းနှင့် သုံးတတ်လျှင် မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်ကိုပါ အဆင်ပြေစေရန် စီမံခန့်ခွဲပေးနိုင်သည့် အဆောင်တစ်ခုပင်ဖြစ်သည်။
လူထုဆက်ဆံရေးဆိုသည်မှာ လမ်းကြောင်းတစ်ခု၊ ပံ့ပိုးပေးသူ၊ ဆက်သွယ်ရေးမန်နေဂျာ၊ သုတေသနလုပ်ဆောင်ခြင်း၊ ပြဿနာကို ဖော်ထုတ်ခြင်းနှင့် လူ့အဖွဲ့အစည်းရှိ အုပ်စုများကြား ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် အဓိပ္ပာယ်ပြည့်ဝစေသည့်အရာ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ပါဆယ်ပစ္စည်းပို့ လုပ်ငန်းတစ်ခုဖြစ်သည့် United Parcel Service (UPS) ဖြစ်ရပ်က ဆက်သွယ်ရေး၏ အရေးကြီးပုံကို ဖော်ပြသည်။ ဘဏ္ဍာရေးအရ သပိတ်သည် UPS ကို ဒေါ်လာ သန်း ၇၅၀ ကုန်ကျစေခဲ့ပြီး မဟာဗျူဟာမြောက်အရေးပါသူများနှင့်လည်း ဂုဏ်သိက္ခာပိုင်းတွင် ထိခိုက်ခဲ့ရသည်။
လူထုဆက်ဆံရေးသည် မဟာဗျူဟာဆက်သွယ်ပြောဆိုခြင်းဖြစ်သည်။ သင်တွေးထားသည့်အတိုင်းပင် ယင်းသည် လူသိများစေသည့်အရာဖြစ်ပြီး ယင်း၏နယ်ပယ်သည် ကျယ်ပြန့်သည်။ လူထုဆက်ဆံရေးသဘာဝအရ သတင်းစကားကို ထိန်းချုပ်ရန် ခက်သဖြင့် မကြာခဏ နားလည်မှုလွဲပြီး ကျွမ်းကျင်ရန်ခက်သည်။ လူထုဆက်ဆံရေးကို အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်သည်။ ယင်းသည် အမှန်တရားကို ပြောဆိုခြင်းလား၊ လှည့်စားခြင်းလား။ မည်သည့်နည်းနှင့်မဆို လူထုဆက်ဆံရေးလုပ်ဆောင်ချက်သည် နေရာစုံပါဝင်ပြီး တိုးပွားလျက်ရှိသည်။ မီဒီယာအမျိုးအစားကွဲများနှင့် သတင်းရင်းမြစ်များတိုးပွားလာမှုကြောင့် လူထုဆက်ဆံရေးအခန်းကဏ္ဍသည် မြင့်တက်လျက်ရှိပြီး (သတင်းစာကဲ့သို့သော) သမားရိုးကျပုံစံလူထုဆက်သွယ်ရေး၏ အခန်းကဏ္ဍသည် ကျဆင်းလျက်ရှိသည်။
လူထုဆက်ဆံရေးကို အစိုးရ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှသည် လုပ်ငန်းနယ်ပယ်တိုင်းတွင် တွေ့နိုင်သည်။ ယင်း၏ နယ်ပယ်သည် ကျယ်ပြန်သောကြောင့် မတူကွဲပြားပြီး ပြောင်းလဲလျက်ရှိသည့် လူထုဆက်ဆံရေးပညာရပ်ဆိုင်ရာ အမျိုးအစားကွဲများကို မသိဘဲ နားလည်နိုင်မည်မဟုတ်ပေ။ ဤ လူထုဆက်ဆံရေးဝေါဟာရများကို လေ့လာခြင်းဖြင့် စည်းမျဥ်းများကို ကောင်းစွာတတ်မြောက်ပြီး ဆက်စပ်အကြောင်းအရာများကို ဖတ်ရှုရာတွင် ပိုမိုမြန်ဆန်စွာ လေ့လာနိုင်မည်ဖြစ်သည်။
ကော်ပိုရိတ်နှင် အေဂျင်စီ လူထုဆက်ဆံရေးသည် ကွဲပြားသည်။ ယေဘုယျအားဖြင့် လွှမ်းခြုံမိနိုင်ရန် ကော်ပိုရိတ် လူထုဆက်ဆံရေးဆိုသည်မှာ အကျိုးအမြတ်ရယူသော အဖွဲ့အစည်းအတွက် ရုံးတွင်း လူထုဆက်ဆံရေးဌာနအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အခြားတစ်ဖက်တွင် လူထုဆက်ဆံရေးအေဂျင်စီများသည် ယင်းတို့ကို ငှားရမ်းထားသော အဖွဲ့အစည်း၏ သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများအတွက် ပုံမှန်အားဖြင့် နာရီအချိန်ပိုင်းအလိုက် အလုပ်လုပ်ပေးသည့် ငှားရမ်းထားသော အတိုင်ပင်ခံများဖြစ်ကြသည်။ အဖွဲ့အစည်းကြီးများတွင် ကော်ပိုရိတ် လူထုဆက်ဆံရေးဌာနနှင့် သက်ဆိုင်ရာအကြောင်းအရာအလိုက် အကြံပေးသည့် ပြင်ပမှ လူထုဆက်ဆံရေးအေဂျင်စီပါ ရှိတတ်သည်။ အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်းများအတွက် လူထုဆက်ဆံရေးဆိုသည်မှာ သက်ဆိုင်ရာအမည်နှင့်လိုက်အောင်ပင် ယင်းအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် အကြောင်းအရာအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ရည်ရွယ်သည်။ ပြည်သူ့ရေးရာ သို့မဟုတ် အစိုးရနှင့်ဆက်ဆံရေး ဆိုသည်မှာ အစိုးရအရာရှိများ၊ မူဝါဒေရေးရာအေဂျင်စီများနှင့် ဆက်ဆံရေးကို စီမံခန့်ခွဲရေးအတွက် အထူးဦးစားပေးသည့် လူထုဆက်ဆံရေးလုပ်ငန်းခွဲတစ်ခုဖြစ်သည်။