Public Relations လူထုဆက်ဆံရေးတွင် ဆရာတစ်ဆူဖြစ်လိုလျှင်
စာအုပ်မိတ်ဆက်
ဤစာအုပ်၏ ရည်ရွယ်ချက်မှာ မဟာဗျူဟာ PR သဘောတရားများကို မိတ်ဆက်ပေးလို၍ဖြစ်သည်။ မိတ်ဆွေအနေဖြင့် စီမံခန့်ခွဲမှုအခြေခံနှင့် လုပ်ငန်းဝေါဟာရများဆိုင်ရာ အထွေထွေဗဟုသုတရှိပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆပြီး ဤဗဟုသုတများကို PR စည်းမျဉ်းများ ကျင့်သုံးရာတွင် ကျွန်ုပ်တို့က ကူညီပေးပါမည်။ ကျွန်ုပ်တို့၏စာအုပ်သည် PR ပညာရှင်ဆိုင်ရာဗဟုသုတများ၊ လက်တလောသုတေသနများနှင့် PR ပညာရပ်နယ်ပယ်မှ လက်တွေ့ အသုံးချမှုများကို အခြေခံထားပါသည်။
ဖတ်သည်ဖြစ်စေ၊ ဗဟုသုတတိုးလိုသောကြောင့်သာဖတ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ပညာရေးသင် ရိုး သို့မဟုတ် အစီအစဉ်တစ်ခုအဖြစ် ဖတ်သည်ဖြစ်စေ၊ ဤစာအုပ်ဖတ်သည့် လူကြီးမင်း၏ အချိန်ကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ ထို့ကြောင့် အခြားစာအုပ်များတွင် တွေ့ရလေ့ရှိသည့် ပညာရပ်ဆိုင်ရာဝေါဟာရအများအပြားကို မသုံးစွဲဘဲ ရိုးရှင်းသော အရေးအသားပုံစံကို အသုံးပြုထားသည်။ ရှုပ်ထွေးလှသော ဥပမာများ၊ ဇယားကွက်များနှင့်
စာပိုဒ်များကို ဖတ်ရအဆင်ပြေရန် စီစဉ်ထားသော်လည်း အချက် အလက်များနှင့် ပြည့်စုံပါသည်။ မလိုအပ်သည်များ မထည့်ထားသော ကျွန်ုပ်တို့၏နည်းလမ်းသည် သင်၏လေ့လာမှုကို အရှိန်မြှင့်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ကျွန်ုပ်တို့ လက်တွေ့ အသုံးချသရုပ်ပြ ဆွေးနွေးထားသော သဘောတရားများကို သိရှိနိုင်ရန် ရေးသားထားသည့် မူရင်း PR ဖြစ်ရပ်လေ့လာမှုအချို့ကိုလည်း အသုံးပြုထားသည်။ ဤစာအုပ်တွင် အဓိကအားဖြင့် အပိုင်း၃ပိုင်း ပါဝင်သည်။ အခန်း ၁ – “လူထုဆက်ဆံရေးအရေးကြီးပုံ (UPS ဖြစ်ရပ်)”၊ အခန်း ၂- PR လူထုဆက်ဆံရေးဆိုသည်မှာ အဘယ်နည်း၊ အခန်း ၃ -PR ပုံစံများနှင့် နည်းလမ်းများ၊ အခန်း ၄- စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်သည့် PR စသည့်အခန်းများသည် လုပ်ငန်းနယ်ပယ်တွင် PR အရေးကြီးပုံ၊ PR အမျိုးအစားများ၊ PR ကို မည်သို့လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားသော သုတေသနနှင့် စီမံခန့်ခွဲမှုလုပ်ဆောင်ချက်ဖြစ်သည့် PR အကြောင်းတို့ကို အသားပေးဖော်ပြထားပါသည်။
အခန်း ၅ – “ထူးချွန်ထိရောက်သော PR အတွက် အဖွဲ့ အစည်းဆိုင်ရာများ၊ အခန်း ၆ – PR နှင့် အဖွဲ့အစည်းထိရောက်မှု၊ အခန်း ၇ – အုပ်စုများနှင့် အကျိုးစီးပွားသက်ဆိုင်သူများကို ဆန်းစစ်ဖော်ထုတ်ခြင်းနှင့် အခန်း ၈ -မဟာဗျူဟာသော့ချက်ဖြစ်သည့် PR သုတေသနတို့သည် PR မဟာဗျူဟာစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်နှင့် သုတေသနကို လုပ်ဆောင်ပြီး၊ အုပ်စုများနှင့် အကျိုးစီးပွားသက်ဆိုင်သူများကို ဆန်းစစ်ဖော်ထုတ်ခြင်းမှတစ်ဆင့် PR လုပ်ငန်းစဉ်ကို မည်သို့စီမံခန့်ခွဲပုံ၊ အဖွဲ့အစည်း၊ ယင်း၏ဖွဲ့စည်းပုံနှင့် ထိရောက်မှုတို့ကို ဆန်းစစ်ကြည့်ရှုနိုင်သည်။
အခန်း ၉ – RACE PR လုပ်ငန်းစဉ်၊ အခန်း ၁၀ – လက်တွေ့ PR၊ အခန်း ၁၁ – ကျင့်ဝတ်၊ ခေါင်းဆောင်မှုနှင့်အကြံပေးခြင်း၊ ကိုယ်ကျင့်တရားဆန်းစစ်ချက်များနှင့် အခန်း ၁၂ – PR ကို ကောင်းမွန်စေသော အကောင်းဆုံးလုပ်ထုံးလုပ်နည်းများတို့သည် PR အထူးပြုနယ်ပယ်များဖြစ်သည့် ကော်ပိုရိတ်များ၊ အေဂျင်စီများ၊ အစိုးရနှင့် ပြည်သူ့ရေးရာဆက်ဆံရေးဌာနများ၊ အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများနှင့် တတ်ကြွလှုပ်ရှားသည့်အုပ်စုများအကြောင်းကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးထားသည်။ PR တွင် အခက်ဆုံးအခြေအနေဖြစ်သည့် ကျင့်ဝတ်ဆိုင်ရာအကြံပေးခြင်းနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများကိုလည်း လမ်းညွှန်ထားပြီး နောက်ဆုံးတွင် PR လုပ်ဆောင်ချက်ကို အကောင်းဆုံးမည်သို့လုပ်ဆောင်နိုင်ပုံနှင့်စပ်လျဉ်း၍ သုတေသနဖော်ပြချက်များကို ဆွေးနွေးမည်။
စီမံခန့်ခွဲမှုဗဟုသုတများ၊ လုပ်ငန်းစဉ်များနှင့် ပညာရပ်ဆိုင်ရာ ကျိုးကြောင်းဆက်စပ်ပုံများကို နားလည်နိုင်ရန် ဤစာအုပ်ဖတ်ရှုရေး ကျွန်ုပ်တို့ အကြံပြုပါသည်။ ကျွန်ုပ်တို့ ဆွေးနွေးထားပုံအသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
အဖွဲ့အစည်းအတွက် အရေးကြီးသည့် PR လုပ်ဆောင်ချက်ကို မိတ်ဆက်ရန်နှင့် PR သည် ပြဿနာများနှင့် အကျပ်အတည်းများကို မည်သို့ကာကွယ်တားဆီးနိုင်ပုံကို ဖော်ပြရန်
- အခန်း ၁ – “လူထုဆက်ဆံရေးအရေးကြီးပုံ (UPS ဖြစ်ရပ်)”တွင် (အမေရိကန်ပြည်ထောင်စုရှိ စာပို့လုပ်ငန်းကြီးဖြစ်သည့်) United Parcel Service ၏ ဖြစ်ရပ်လေ့လာမှုဖြင့် စတင်ပါမည်။ မည်သည့်အရေးပေါ်ကိစ္စရပ်အတွက်မဆို ကြိုတင်ပြင်ဆင်နိုင်ရန် ဤဖြစ်ရပ်တွင် PR မအောင်မြင်မှုများကိုလည်း အလေးပေးသွားမည်။
- အခန်း ၂ – “PR ဆိုသည်မှာ အဘယ်နည်း”ဆိုသော အခန်းတွင် အုပ်စုများနှင့် မဟာဗျူဟာဆက်ဆံရေးစီမံခန့်ခွဲမှုတွင် ပါဝင်သည့် သဘောတရားများနှင့် ပညာရပ်ဆိုင်ရာ ဝေါဟာရများကို မိတ်ဆက်သွားမည်ဖြစ်ပြီး ဤ PR လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ အခြားအခေါ်အဝေါ်များကိုလည်း လေ့လာသွားမည်။
- အခန်း ၃ – “PR ပုံစံများနှင့် နည်းလမ်းများ”သည် ဆက်သွယ်ရေးကြိုးစားအားထုတ်မှုများကို အကဲဖြတ်ရာတွင် အမျိုးအစားခွဲခြားလေ့လာနိုင်သည့် ပုံစံများနှင့် နည်းလမ်းများကို မိတ်ဆက်ထားသဖြင့် လုံးဝအရေးကြီးသော သင်ခန်းစာဖြစ်ပါသည်။ PR ပုံစံများကို လုပ်ငန်းနယ်ပယ်သမိုင်းအကျဉ်းမှတစ်ဆင့် မိတ်ဆက်သွားမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ်အတွင်းရှိ အထူးပြုနယ်ပယ်များနှင့် လုပ်ငန်းခွဲများကိုလည်း လေ့လာသွားမည်။ PR ဝေါဟာရများနှင့် ယင်း၏လုပ်ငန်းလက်တွေ့ အသုံးချမှုများကို မြန်မြန်ဆန်ဆန်ကျွမ်းကျင်တတ်မြောက်နိုင်ရန် အထောက်အကူပြုသော အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကိုလည်း ပံ့ပိုးထားပါသ
- အခန်း ၄ – “စီမံခန့်ခွဲမှုလုပ်ဆောင်ချက်ဖြစ်သည့် PR” တွင် မဟာဗျူဟာဗဟုသုတနှင့် အမြတ်ရရေးအပါအဝင် စီမံခန့်ခွဲမှုလုပ်ဆောင်ချက်၊ ကဏ္ဍများ၊ အကြီးတန်းတာဝန်ရှိသူများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မှု၊ ဆုံးဖြတ်ချက်ချခြင်း၊ လုပ်ငန်းအကောင်းအထည်ဖော်ရာ၌ အဓိကအားသာသည့်အရည်အချင်းများတွင် PR ပါဝင်ရေးကို ဆွေးနွေးထားပါသည်။ ဆက်သွယ်ရေးအရာရှိများသည် သူတို့ရာထူးကို မည်သို့ထိုက်တန်စွာ ရရှိထားကြောင်းလည်း ဆွေးနွေးထားပါသည်။ လုပ်ငန်းအခန်းအကျင်းတွင် လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်များသည် သင်ခန်းစာ၏ အခြေခံဖြစ်သည်။
- အခန်း ၅ – “PR ထူးချွန်ပြောင်မြောက်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာများ”သည် အောင်မြင်မှုအတွက် အခွင့်အလမ်းအများဆုံး ပံ့ပိုးပေးနိုင်ရန် PR ကို မည်သို့စီစဉ်ဖွဲ့စည်းသင်ပုံနှင့် ပိုမိုကြီးမားသော အဖွဲ့ အစည်းအစဉ်အလာတွင် PR ကို မည်သို့ကိုက်ညီအောင် လုပ်ဆောင်သင့်ပုံတို့ကို ဆွေးနွေးထားသဖြင့် လွန်စွာအရေးကြီးသည်။ ဤသင်ခန်းစာကို PR ပညာရှင်များ၊ လုပ်ငန်းစီမံခန့်ခွဲရေးကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းသီအိုရီဆိုင်ရာသုတေသနမှ ကောက်နုတ်ဖော်ပြထားပါသည်။
- အခန်း ၆ – “PR နှင့် အဖွဲ့အစည်းထိရောက်မှု”တွင် အဖွဲ့အစည်းများက အောင်မြင်မှုကို မည်သို့သတ်မှတ်ပုံနှင့် PR ဆိုင်ရာ အကျိုးစီးပွားသက်ဆိုင်သူများကို စီမံခန့်ခွဲမှုနည်းလမ်းသည် အဖွဲ့အစည်းထိရောက်မှုကို ပိုမိုကောင်းမွန်စေသော ခိုင်မာတိကျသည့် မဟာဗျူဟာကို မည်သို့ပံပိုးပေးပြီး အဖွဲ့ အစည်းရေရှည်တည်တံ့ခိုင်မြဲမှုကို မည်သို့အထောက်အကူပြုနိုင်ပုံတို့ကို အသေးစိတ်ဆွေးနွေးထားပါသည်။
- အခန်း ၇ – “အုပ်စုများနှင့် အကျိုးစီးပွားသက်ဆိုင်သူများကို ဆန်းစစ်ဖော်ထုတ်ပြီး ဦးစားပေးရွေးချယ်သတ်မှတ်ခြင်း”တွင် မည်သို့ မဟာဗျူဟာ PR လုပ်ဆောင်ကြပုံကို ဖော်ပြထားပါသည်။ မဟာဗျူဟာ PR သည် အကျိုးစီးပွားဆက်စပ်သူများစီမံခန့်ခွဲမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သောသဘောတရားများကို အခြေပြု၍ အကျိုးစီးပွားသက်ဆိုင်သည့်အုပ်စုများကို ခွဲခြားဖော်ထုတ်၍ ဦးစားပေးအဆင့်သတ်မှတ်ပြီး ယင်းတို့နှင့် ရေရှည်ဆက်ဆံရေးကို တည်ဆောက်သည်။
- အခန်း ၈ – “မဟာဗျူးဟာသော့ချက် ဖြစ်သည့် PR” တွင် သုတေသနသည် မဟာဗျူဟာ PR တွင် မရှိမဖြစ်အရေးပါ၍ ခြုံငုံသုံးသပ်ထားသည့် သုတေသနနည်းလမ်းများကို ဖော်ပြထားပြီး မဟာဗျူဟာနှင့် စီမံခန့်ခွဲရေးတွင် သုတေသန၏ အရေးကြီးပုံကို ရှင်းပြထားပါသည်။
- အခန်း ၉ – “RACE PR” လုပ်ငန်းစဉ်သည် RACE ဟု အတိုကောက်ခေါ်သည့် မဟာဗျူဟာ အဆင့် ၄ဆင့် PR လုပ်ငန်းစဉ်၊ အစီအစဉ်ရေးဆွဲခြင်းနှင့် သုံးသပ်ခြင်းလုပ်ငန်းစဉ်များကို ခြုံငုံသုံးသပ်ထားပါသည်။
- အခန်း ၁၀ – “PR လက်တွေ့” တွင် မဟာဗျူဟာစီမံခန့်ခွဲမှုအဖြစ် PR အကြောင်း ပိုမိုကျယ်ပြန့်စွာဆွေးနွေးထားခြင်းကို လေ့လာရမည်ဖြစ်သည်။ PR လုပ်ငန်းနယ်ပယ်တွင် ကျင့်သုံးခဲ့သည့် သမိုင်းကြောင်းဇာစ်မြစ်များကို မီးမောင်းထိုးဖော်ပြ၍ အသေးစိတ်လေ့လာနိုင်ပြီး ဤစာအုပ်တွင် အစောပိုင်းသင်ခန်းစာများ၌ တင်ပြခဲ့သည့် အယူအဆများကို ဆွေးနွေးခြင်းနှင့် လက်တွေ့အသုံးချခြင်းများ လုပ်ဆောင်နိုင်ပါသည်။ ဤသီအိုရီအယူအဆများကို လက်တွေ့ နေ့စဉ်ကျင့်သုံးသည့် PR လုပ်ငန်းဆောင်တာများတွင် ပေါင်းစပ်အသုံးပြု၍ သရုပ်ဖော်ရှင်းလင်းတင်ပြရန် ဥပမာများ အသုံးပြုသွားမည်။
- အခန်း ၁၁ – “ကျင့်ဝတ်၊ ခေါင်းဆောင်မှုနှင့်အကြံပေးခြင်း၊ ကိုယ်ကျင့်တရားဆန်းစစ်ချက်များ”သည် အဖွဲ့အစည်းကို လူမှုတာဝန်ယူစေပြီး အဖွဲ့အစည်း၏ ထိပ်တန်းအဆင့်များကို အကြံပြုရာတွင် PR မန်နေဂျာများအနေဖြင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နိုင်သော နည်းလမ်းတကျ PR ကျင့်သုံးမှုအတွက် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာလမ်းညွှန်ချက်များကို ဖော်ပြထားသည်။ Home Depot ကော်ပိုရေးရှင်း၏ ထိပ်သီးအဆင့်လုပ်ဆောင်ချက်ကို ထဲထဲဝင်ဝင်လေ့လာ၍ ဆက်လက်ဆွေးနွေးမည်။
- “အခန်း ၁၂ – PR ကို ကောင်းမွန်စေသော အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ” နောက်ဆုံးအခန်းတွင် ထူးချွန်ပြောင်မြောက်သည့် PR အကောင်းဆုံးလုပ်ဆောင်ချက်များကို ဖော်ပြထားပြီး စာအုပ်တစ်ခုလုံးကို အနှစ်ချုပ်ခြုံငုံသုံးသပ်ထားသည်။ ဤသုတေသနအနှစ်ချုပ်သည် ခေတ်သစ် PR စီမံခန့်ခွဲမှုဆိုင်ရာများနှင့် ယင်းကို ပိုမိုထိရောက်စွာအသုံးချနိုင်ပုံကို သုတေသီများ၏ ရှင်းလင်းတင်ပြပုံများနှင့် အဖွဲ့အစည်း၏ မဟာဗျူဟာဆက်ဆံရေး၏ အရေးကြီးပုံတို့ကို ပိုမိုနားလည်လာစေသည်။ ယင်း၏အရေးကြီးပုံကို ဤစာအုပ်နိဂုံးပိုင်းတွင် ဖော်ပြထားသည့် Entergy ၏ Hurricane Katrina ဖြစ်ရပ်တွင် လေ့လာတွေ့ရှိနိုင်ပါသည်။ ။
ဆက်သွယ်ရေးစီမံခန့်ခွဲမှုမှတစ်ဆင့် မဟာဗျူဟာဆက်ဆံရေး ဖန်တီးပြီး ထိန်းသိမ်းသည့် ဤပြောင်းလဲမှုများသော နယ်ပယ်ကို လေ့လာရာတွင် သင့်ကို ဆရာတစ်ဆူဖြစ်စေလိုသည့် ကျွန်ုပ်တို့၏ ဆန္ဒအတိုင်း သင်သည်လည်း ဤစာအုပ်ကို နှစ်ထောင်းအားရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်သည်။