UPS Case
လူထုဆက်ဆံရေးအရေးကြီးပုံ (UPS ဖြစ်ရပ်)
လူထုဆက်ဆံရေးဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ သေရေးရှင်ရေး သို့မဟုတ် အောင်မြင်မှုနှင့် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးနိုင်သည့်အရာ ဖြစ်သည်။ ယခုဖော်ပြပါဖြစ်ရပ်တွင် ရေရှည်အကျိုးရှိသည့် ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် လူထု၏ စိုးရိမ်ပူပန်မှုများကို စနစ်တကျနားထောင်ပြီး နားလည်နိုင်ရန် လူထုဆက်ဆံရေး၏ အရေးကြီးပုံကို ဖော်ပြထားသည်။ ဤဖြစ်ရပ်တွင် အဖွဲ့အစည်းအတွင်းရှိလူများ၊ အလုပ်သမားသမဂ္ဂများနှင့် ပြင်ပမှ သတင်းမီဒီယာများ ပါဝင်သည်။
အောက်ပါဖြစ်ရပ်တွင် မဟာဗျူဟာ ပြဿနာအလိုက်စီမံခန့်ခွဲမှု issues management ကဲ့သို့ အစဉ်တစိုက် လုပ်ဆောင်နေရသည့် လူထုဆက်ဆံရေးလုပ်ဆောင်ချက်များသည် အဖွဲ့အစည်းရင်ဆိုင်ရသည့် ပြဿနာများကို ကာကွယ်နိုင်ခဲ့သည်။ အဖွဲ့အစည်းအနေဖြင့် ယင်း၏ အမှားများကို သိရှိပြီး ပြောင်းလဲလိုက်သည်နှင့် ဆက်ဆံရေးနှင့် ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ကာ နာလန်ထူနိုင်ကြောင်း ဤဖြစ်ရပ်က ပြနေသည်။ အောက်ပါဖြစ်ရပ်များသည် ရေရှည်မဟာဗျူဟာကျလူထုဆက်ဆံရေးသည် အဖွဲ့အစည်း၏ အသက်သွေးကြောသဖွယ် အရေးကြီးပုံကို မီးမောင်းထိုးပြနေသည်။
- Case based on classroom lecture and interviews with Kenneth Sternad (personal communication, March 30, 2009; September 2009). Information also based on United Parcel Service (2009). ဖြစ်ရပ်အခြေပြုသင်တန်းပို့ချချက်နှင့် (UPS ဥက္ကဋ္ဌနှင့် PR အကြီးအကဲ) ကတ်နတ် စတားနတ်ကို တွေ့ဆုံမေးမြန်းခြင်း (တစ်သီးပုဂ္ဂလဆက်သွယ်ရေး ၃၀ မတ် ၂၀၀၉ – စက်တင်ဘာ ၂၀၀၉)၊ အမေရိကန်ပြည်ထောင်စုရှိ ပါဆယ်ပစ္စည်းပို့ လုပ်ငန်းတစ်ခုဖြစ်သည့် United Parcel Service (UPS) ၏ ၂၀၀၉ ခုနှစ်က အချက်အလက်များကိုလည်း အခြေခံထားပါသည်။
1.1 အထုပ်ဖြည်ပြလိုက်သည့် ပြဿနာတစ်ရပ်
အမေရိကန်ပြည်ထောင်စုရှိ ပါဆယ်ပစ္စည်းပို့ လုပ်ငန်းတစ်ခုဖြစ်သည့် United Parcel Service (UPS) သည် ကမ္ဘာ့အကြီးဆုံးသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစတင်၍ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။ ၁၉၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီသည် အမေရိကန်တွင်သာမက ကမ္ဘာ့စီးပွားရေးတွင်ပါ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ UPS သည် နိုင်ငံနှင့် နယ်နိမိတ် ၂၀၀ ကျော်တွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး တစ်နေ့လျှင် ကုန်စည်အထုပ်အပိုး ၁.၅ သန်းနှင့် ၂၀၀၈ ခုနှစ်တွင် ကုန်စည်ထုပ် သန်း ၃,၈၀၀ ကျော် ဖြန့်ဖြူးခဲ့သည်။ ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ သန်း ၅,၁၅၀ ရရှိခဲ့ပြီး ယင်းကို တစ်ရက်လျှင် ဖောက်သည် ၈သန်းကျော် ဆက်သွယ်ခဲ့ကြသည်။ UPS သည် အလုပ်သမား ၄သိန်းကျော် (၄၂၇,၀၀၀) ဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဒုတိယအကြီးဆုံးနှင့် ကမ္ဘာပေါ်တွင် နဝမမြောက်အကြီးဆုံးအလုပ်ရှင်ဖြစ်သည်။ UPS သည် အမေရိကန် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ၏ ၆% နှင့် ကမ္ဘာ့ GDP ၏ ၂% ကို သယ်ယူပို့ဆောင်နေသည်။
UPS သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ Teamsters နှင့် ဆက်ဆံရေးသမိုင်းကြောင်း များသောအားဖြင့် ကောင်းခဲ့ပြီး ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက Teamsters သည် UPS အလုပ်သမားများကို ကိုယ်စားပြုခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အဆိုပါဆက်ဆံရေးကို ဆိုးရွားစွာစမ်းသပ်ခံရပြီး ကုမ္ပဏီအပေါ်တွင် အကျိုးဆက်ရလဒ်များစွာ သက်ရောက်ခဲ့သည်။
တည်ဆဲပဋိညာဉ်များသည် ၁၉၉၇ခုနှစ် ဩဂုတ်လ ၁ရက်အထိ မပျက်ပြယ်သေးသော်လည်း Teamsters နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ထိုနှစ် ဇန်နဝါရီလအစောပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ UPS သည် သမဂ္ဂနှင့် တစ်နိုင်ငံလုံးဆိုင်ရာစာချုပ်ကို ၄နှစ်မှ ၆နှစ်ခန့်ကြာတိုင်း ဆွေးနွေးညှိနှိုင်းလေ့ရှိပြီး ၁၉၉၇ မတိုင်မီအထိ UPS ကို ဆန့်ကျင်သည့် နိုင်ငံလုံးဆိုင်ရာသပိတ်မျိုးလည်း မရှိခဲ့ပါ။ UPS တွင် Teamsters အဖွဲ့ဝင် ၂၂၅,၀၀၀ ရှိ၍ အမေရိကတွင် Teamsters အဖွဲ့ဝင်အများစု၏ အလုပ်ရှင်ဖြစ်သည်။
Teamsters ဥက္ကဋ္ဌသည် ရွန်ကာရေးဖြစ်ပြီး ယခင်က နယူးယောက်မြို့မှ UPS ယာဉ်မောင်း ဖြစ်ခဲ့ဖူးပြီး UPS ကို မကြိုက်၍ ကုမ္ပဏီမှ အလုပ်ထွက်ခဲ့သူဖြစ်သည်။ ကာရေးသည် ၁၉၉၆ခုနှစ်တွင် Teamsters ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရသည်။ အဆိုပါရွေးကောက်ပွဲသည် နောက်ပိုင်းတွင် တရားမဝင် ရန်ပုံငွေရှာခြင်းနှင့် လာဘ်သိပ်ထိုးခြင်းများဖြင့် စွပ်စွဲခံရကာ စစ်ဆေးခံရတော့သည်။ Teamsters တွင် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သမဂ္ဂအတွင်းရှိ ကာရေး၏ပြိုင်ဘက်များက သူ့ကို တိုက်ခိုက်၍ ထောက်ခံမှုကျဆင်းအောင်ပြုလုပ်ကာ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရန် တောင်းဆိုကြသည်။ ယင်းကိစ္စကို ဖက်ဒရယ်အစိုးရက ဝင်ရောက်စစ်ဆေးပြီး ကာရေး၏ ရွေးကောက်ပွဲရလဒ် ပြောင်းလဲသွားမည်ဟု အများစုက ယုံကြည်နေကြသည်။ ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်ချိန်တွင် UPS က ထိုအချက်ကို သတိမပြုခဲ့သော်လည်း ကာရေးက သပိတ်မှောက်ရန် အလုပ်သမားသမဂ္ဂကို တိတ်တဆိတ်ပြင်ဆင်နေခဲ့သည်။ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပါက ဥက္ကဋ္ဌနေရာအတွက် ပြန်လည်ရွေးကောက်ခံရာတွင် ထောက်ခံမှုရရှိစေရေး သူ၏ခေါင်းဆောင်မှုနှင့် အင်အားကို ပြသရန်လိုသည်။
ဆွေးနွေးညှိနှိုင်းမှုများသည် ကနဦးတွင် လုပ်ခလစာ၊ ကျန်းမာရေးနှင့် ပင်စင်အခွင့်အရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။ သို့သော် အထူးသဖြင့် လူထုဆက်သွယ်ရေးစစ်မြေပြင်တွင် ပိုအရေးကြီးသည့် နောက်ထပ်ပြဿနာနှစ်ခုပေါ်လာပြီး ဆွေးနွေးမှုများ ပျက်ပြယ်သွားရသည်။ အလုပ်မြဲရေးသည်လည်း တစ်ချက်အပါအဝင်ဖြစ်သည်။ UPS သည် အချိန်ပိုင်းအလုပ်သမားများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့၍ Teamsters က ကုမ္ပဏီတွင် အချိန်ပြည့်အလုပ်သမားအချိုးအစားကို အနည်းဆုံးထားရှိရမည့်အရေအတွက် တိုးမြှင့်စေလိုသည်။
ဆွေးနွေးညှိနှိုင်းမှုများကို အဓိကလွှမ်းမိုးနေသည့် ဒုတိယအကြောင်းရင်းမှာ သမဂ္ဂရှိ UPS အလုပ်သမားများ၏ ပင်စင်များကို ထိန်းချုပ်ခွင့်ပင်ဖြစ်သည်။ ဆွေးနွေးမှုများ စတင်ချိန်တွင် အမေရိကတွင် အများဆုံးရန်ပုံငွေဖြစ်သည့် ပင်စင်ရန်ပုံငွေကို Teamsters သမဂ္ဂက ထိန်းချုပ်ထားသည်။ အဆိုပါရန်ပုံငွေများကို မည်သို့စီမံခန့်ခွဲနေပုံနှင့် UPS အလုပ်သမားများ အနာဂတ်ပင်စင်ဖူလုံရေးကို UPS က မေးခွန်းထုတ်ခဲပြီး Teamsters သမဂ္ဂအဖွဲ့ဝင် UPS အလုပ်သမားများအတွက် သီခြားပင်စင်လုပ်စေချင်သည်။
ဆွေးနွေးပွဲများ ပျက်ပြယ်လာသောအခါ UPS သည် အရေးပေါ်အခြေအနေ အစီအစဉ်ဆွဲခြင်းကို PR အပါအဝင် အဆင့်အားလုံးတွင် စတင်လုပ်ဆောင် လာသည်။ ၁၉၉၇ တွင် UPS သည် ပုဂ္ဂလိကကုမ္ပဏီ ဖြစ်သည်။
PR ဌာနသည် စီမံခန့်ခွဲမှုပိုင်းမှ ဝန်ထမ်း ၁၀ယောက်သာရှိသည့် ဌာနငယ်တစ်ခုသာဖြစ်ပြီး အမေရိကတွင် ဒေါ်လာ ၅သန်းသာ သုံးရန် ကန့်သတ်ထားသည်။ အများပိုင်ကုမ္ပဏီများကဲ့သို့ အများပြည်သူကို စာရင်းဇယားများ ထုတ်ပြန်ရန် တာဝန်မရှိသဖြင့် UPS တွင် လေ့ကျင့်ထားသော ပြောရေးဆိုခွင့်ရှိသူ အနည်းငယ်သာ ရှိခဲ့သည်။ လူထုဆက်ဆံရေးဌာနလုပ်ဆောင်ချက်များတွင် ပြောရေးဆိုခွင့်ရှိသည့်ဌာနမှတစ်ဆင့် ထုတ်ကုန်ကို လူသိများစေခြင်း၊ ဘဏ္ဍာရေးဆက်သွယ်မှုများ၊ ဂုဏ်သိက္ခာမကျစေရေး၊ အမှုဆောင်များနှင့်ဆက်သွယ်ရေး ပါဝင်သည်။ အဆိုပါလုပ်ဆောင်ချက်တွင် အထွေထွေသတင်းစကားများ ပြင်ဆင်ခြင်း၊ အရေးပေါ်စီမံခန့်ခွဲမှု၊ ရန်ပုံငွေရှာဖွေရေးနှင့် အခမ်းအနားများကို ပံ့ပိုးပေးရေးလည်းပါသည်။ သို့သော် ဌာနသည် UPS ရင်ဆိုင်ရမည့် တစ်ကမ္ဘာလုံးအာရုံစိုက်သည့် အရေးကို ဖြေရှင်းရန် ဝန်ထမ်းနှင့်ဘတ်ဂျတ်လုံလောက်မှုမရှိပါ။
၁၉၉၇ နွေရာသီရောက်သည်အထိ စာချုပ်ညှိနှိုင်းမှုများသည် မဖြေရှင်းနိုင်ဘဲရှိရာ ဇူလိုင် ၃၀ တွင် UPS ဘက်မှ နောက်ဆုံးကမ်းလှမ်းသည့်စာချုပ်ကို Teamsters မှ ငြင်းပယ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားသည်။ ထိုအချိန်တွင် ဖက်ဒရယ်အစိုးရဘက်မှ ဖြန်ဖြေသူများက ကြားဝင်ပေး၍ ဩဂုတ်လ ၃ရက်အထိ ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သည်။ ထို့နေအဆုံးသတ်တွင် ဆွေးနွေးပွဲပြီးနောက် သမဂ္ဂက လာမည့်နေတွင် စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်လာမည့်ပုံပြခဲ့သည်။
ကြိုတင်သတိပေးအကြောင်းကြားမှု တစ်စုံတရာမရှိဘဲ Teamsters သမဂ္ဂက ထိုနေ့ညတွင် သပိတ်မှောက်မည်ဟု အဖွဲ့ဝင်များကို ကြေညာလိုက်သည်။ သြဂုတ် ၈ရက် မနက်စောစောတွင် ရွန်ကာရေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး နိုင်ငံလုံးဆိုင်ရာသပိတ်မှောက်မည်ဖြစ်ကြောင်းနှင့် UPS အလုပ်သမားအားလုံးကို သပိတ်တွင် ပါဝင်ချီတတ်ရန် နှိုးဆော်လိုက်သည်။ Teamsters သည် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် စာနယ်ဇင်းကို အသုံးပြု၍ ယင်းနေ့တွင်ပင် ချိတ်ဆက်ဆောင်ရွက်မှု ကောင်းသည့် စည်းရုံးလှုံ့ဆော်မှုကို စတင်ကာ မီဒီယာမှ ထိုးနှက်တိုက်ခိုက်ခဲ့သည်။
UPS သပိတ်မှောက်မှုသည် ချက်ချင်းပင် အမေရိကန်ပြည်ထောင်စုအနှံ့ရှိ ပြည်တွင်းနှင့် ဒေသဆိုင်ရာသတင်းများတွင် ခေါင်းစီးသတင်းဖြစ်သွားသည်။ သပိတ်သည် ပြည်နယ် ၅၀လုံးရှိ ဒေသ ၁၈၀၀ ကျော်မှ လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်ပြီး မြို့ကြီးမြို့ငယ်အားလုံးရှိ မီဒီယာများ၏ စိတ်ဝင်စားမှုရှိလာသည်။ UPS PR ရုံးသည် သပိတ်ကာလတွင် ဖုန်းခေါ်ဆိုမှု ၂၀,၀၀၀ ကျော် လက်ခံ ဖြေကြားခဲ့ရသည်။ ထိုအချိန်တွင် UPS ကို ဦးဆောင်ခဲ့သည့် ကန်စတားနတ်က “ကျနော်တို့ မီဒီယာမှာ အလဲထိုးခံလိုက်ရတာ” ဟုဆိုသည်။
သပိတ်သည် ၁၅ရက်ကြာခဲ့၍ အမေရိကနှင့် ကမ္ဘာ့ကုန်သွယ်ရေးကို ဆိုးရွားစွာထိခိုက်ခဲ့ပြီး ဆက်စပ်ကုန်ကျစရိတ်များ နှင့် ဝင်ငွေနစ်နာမှု ဒေါ်လာ သန်း ၇၅၀ ရှိခဲ့သည်။ Teamsters တွင် “ကောင်းမွန်သည့် အဓိကသတင်းစကားများ” ရှိခြင်းကြောင့် ဆက်သွယ်ရေးတိုက်ပွဲတွင် အောင်မြင်မှုကြီးစွာ ရရှိခဲ့သည်ဟု စတားနတ်က မြင်သည်။
“အချိန်ပိုင်းအလုပ်က အမေရိကမှာ အလုပ်မဖြစ်ဘူးဆိုတဲ့အာဘော်နဲ့ သတင်းစကားတွေကို သူတို့(Teamsters)က အသားပေးပြီး ဒါက မီဒီယာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တယ်”ဟု UPS မှ စတားနတ်က ဆိုသည်။ “Teamsters က ဒီသတင်းစကားနဲ့ သူတို့သုံးတဲ့ အခြားသတင်းစကားတွေကို သုတေသနလုပ်ပြီး သေချာဆန်းစစ်ခဲ့တာပဲ။ ဝါရှင်တန်ဒီစီမှာဆို တစ်နေ့နှစ်ကြိမ် မီဒီယာတွေကို သတင်းစကားအနှစ်ချုပ်ပေးတာတွေအပါအဝင် ဆက်သွယ်ရေးကို စောစောစီးစီးနဲ့ ခဏခဏလုပ်ခဲ့တယ်။”
သမဂ္ဂက လူသားချင်းစာနာမှုရစေရန် အထူးသဖြင့် အချိန်ပိုင်းလုပ်ကိုင်ရသဖြင့် မပျော်နိုင်ဖြစ်နေသော UPS အလုပ်သမားများကို မီးမောင်းထိုးပြပုံကိုလည်း စတားနတ်က ထောက်ပြခဲ့သည်။ သူတို့သည် တတိယအုပ်စုမှ ပညာရှင်များနှင့် အကျိုးရှိစွာချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး အင်တာနက်ကိုလည်း အကျိုးရှိစွာအသုံးပြုခဲ့သည်။
သပိတ်ကာလအတွက် UPS သည် ရှင်းလင်းသော မူဝါဒလမ်းညွှန်များကို ချမှတ်ခဲ့ပြီး ယင်းတို့မှ မည်သည့်အခါမျှ သွေဖည်မသွားခဲ့ပေ။ ကုမ္ပဏီ၏ နံပါတ် ၁ ရည်မှန်းချက်သည် စာချုပ်ကောင်းကောင်းချုပ်ဆိုနိုင်ရေးဖြစ်ပြီး PR တိုက်ပွဲတွင် အနိုင်ရရေး မရည်မှန်းခဲ့ပါ။ “သမဂ္ဂခေါင်းဆောင်မှုကို မတိုက်ခိုက်ဘူးဆိုတာနဲ့ ကျနော်တို့လူတွေကို တည်ကြက်လို မဖြစ်စေဖို့ ကျနော်တို့ အစောကြီးကတည်းက ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု စတားနတ်က အမှတ်တရပြောဆိုသည်။ သူက ဆက်လက်ပြောကြားသည်မှာ –
“ကျနော်တို့လူတွေ ကျနော်တို့နဲ့ ရေရည်လက်တွဲသွားဖို့လိုတယ်ဆိုတာ ကျနော်တို့သိတယ်။ UPS ယာဉ်မောင်းရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့်ဟာမျိုး ကျနော်တို့ ပြောလည်းမပြောဘူး။ လုပ်လည်းမလုပ်ဘူး။ သူတို့ (Teamsters အဖွဲ့၀င် UPS အလုပ်သမားတွေ)ဟာ ကုမ္ပဏီရဲ့ ပုံရိပ်ဖြစ်ပြီး ကျနော်တို့ဖောက်သည်တွေနဲ့ဆက်သွယ်တဲ့ ပေါင်းကူးတံတားတွေ ဖြစ်တယ်။ သူတို့နဲ့ ကျနော်တို့ (သူ့လူနဲ့ ကိုယ့်လူဆိုပြီး) မခွဲခြားချင်ဘူး။”
သပိတ်အတွက် ပြင်ဆင်သည့်အနေဖြင့် UPS တွင် နည်းလမ်းတကျဖွဲ့စည်းထားသည့် အရေးပေါ်အခြေအနေတွင် ဆက်သွယ်ရေးအစီစဉ်ကို အသင့်ရှိနေခဲ့ပြီး သပိတ်ကာလတွင် တိကျသေချာသည့် ဆက်သွယ်ရေးအစီအစဉ်ကို မွမ်းမံပြင်ဆင်ရေးဆွဲခဲ့သည်။ PR အဖွဲ့သည် ကုမ္ပဏီဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်းများစွာကို စုစည်းခဲ့ပြီး သပိတ်မတိုင်မီ ဒေသအလိုက် ပြောရေးဆိုခွင့်ရှိသူများကို သင်တန်းပေးခဲ့သည်။ သူတို့သည် ကုမ္ပဏီကို အပြုသဘော ထောက်ပြပေးနိုင်သည့် တတိယအုပ်စုမှ ပညာရှင်များကိုလည်း ရှာဖွေဖော်ထုတ်ခဲ့သည်။
ပြန်ပြောင်းတွေးကြည့်ပါက သပိတ်မတိုင်မီနှင့် သပိတ်ကာလအတွင် ဆက်သွယ်ရေးကို ယခုထက် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း ကုမ္ပဏီက လက်ခံသည်။ စတားနတ်ပြောသည်မှာ –
“အစောပိုင်း ၂၄နာရီမှာ ကျနော်တို့မှာ ဘာဆက်သွယ်ရေးမှ ထိထိရောက်ရောက်မရှိခဲ့ဘူး။ ကျနော်တို့သတင်းစကားတွေက ဖောက်သည်တွေအပါအဝင် လူထုနဲ့ရော မီဒီယာနဲ့ပါ မကိုက်ညီခဲ့ဘူး။ အရေးပေါ်ကာလနဲ့ အဲဒီမတိုင်မီမှာ ကျနော်တို့သတင်းစကားတွေကို သေချာမဆန်းစစ်ခဲ့ရမှန်း ကျနော်တို့ သဘောပေါက်ခဲ့ကြတယ်။ Teamsters နဲ့ယှဉ်ရင် ကျနော်တို့က ဝက်ဘ်ဆိုက်ကို အသုံးချနိုင်တာလည်း အရမ်းနှေးတယ်။ အဆုံးသတ်မှာတော့ အရေးပေါ်အခြေအနေကို စီမံခန့်ခွဲဖို့ ကျနော်တို့မှာ အရင်းအမြစ်ကောင်းတွေ မရှိခဲ့တာပဲ။”
နောင်တွင် ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်ရန် UPS သည် အတွေ့အကြုံမှတစ်ဆင့် တန်ဖိုးရှိသည့် သင်ခန်းစာကို ရရှိသွားသည်။ စတားနတ်က ကောက်ချက်ချသည်မှာ –
“ပဋိပက္ခမဖြစ်ခင်မှာ လုပ်စရာတွေ စလုပ်ရပါမယ်။ PR အဖွဲ့အနေနဲ့ ရေရှည်အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာဖြစ်သလို ဦးစားပေးရမယ့်အရာတွေမှာလည်း ဆက်လက် အာရုံစိုက်ရပါလိမ့်မယ်။ ပဋိပက္ခအားလုံးမှာ အစောပိုင်းအချိန်တွေက အရေးကြီးဆုံးပါပဲ။ ကုမ္ပဏီအနေနဲ့ အစောပိုင်းမှာ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ်မှာမူတည်ပြီး ပဋိပက္ခကာလ တစ်ခုလုံးမှာ ပုံစံပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို ကြိုတင်သုတေသနလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ထိရောက်တဲ့ဆက်ဆံရေးမှာ ကိုယ်ပေးချင်တဲ့သတင်းစကားကို ပဋိပက္ခမဖြစ်ခင် ကြိုတင်ပြင်ဆင်ထားရပါမယ်။
ကိုယ်ပေးမယ့်သတင်းစကားမှာ လူတွေရဲ့ ခေါင်းထဲတင်မက နှလုံးသားထဲပါစွဲသွားအောင် အားကောင်းတဲ့ပုံဖော်မှုတွေနဲ့ အချက်အလက်တွေလိုတယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိခဲ့ရပြီးပါပြီ။ ခုကစလို့ ရှေ့လျှောက်မှာ PR အဖွဲ့တွေကို ကျနော်တို့ထူထောင်ပြီး အသုံးပြုသွားပါမယ်။ ဒါမှသာ ပြဿနာမဖြစ်ခင် သူအကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ ဖြစ်တော့မှာပါ။ ပဋိပက္ခ ဖြစ်တာနဲ့ ချက်ချင်းတင်ဆက်နိုင်မယ့် ဝက်ဘ်ဆိုက်တွေကိုလည်း ကျနော်တို့ အသင့်ထားရှိသွားပါမယ်။ ပဋိပက္ခကာလမှာ နာကျင်ခံစားခဲ့ရတာရှိသလို ဒီအတွေ့အကြုံကြောင့်ပဲ ကျနော်တို့ ပိုသန်စွမ်းလာပြီး ပိုကောင်းအောင်ပြင်ဆင်လာနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ”
UPS သည် ၁၉၉၇ စစ်မြေပြင်တွင် ရှုံးနိမ့်ခဲ့ရသော်လည်း ရေရှည်တွင် ဇာတ်လမ်းမှာ တစ်မျိုးပြောင်းသွားခဲ့သည်။ သပိတ်ကိစ္စ ဖြေရှင်းပြီးနော် Teamsters ဥက္ကဋ္ဌ ရွန်ကာရေးသည် အလုပ်နှင့် သမဂ္ဂမှ ထုတ်ပယ်ခံရပြီး ရွေးကောက်ပွဲမသမာမှုများကြောင့် သူ့ဘဝတစ်သက်တာတွင် အလုပ်သမားလှုပ်ရှားမှုများ၌ ပါဝင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။
၁၉၉၇ သပိတ်နောက်ပိုင်းတွင် Teamsters သည် ပင်စင်အစီအစဉ်ကို ထိန်းချုပ်ခွင့် ဆက်လက်ရရှိသော်လည်း ယင်း၏ ဘဏ္ဍာရေးအခြေအနေသည် နောက်နှစ်များတွင် ပိုဆိုးလာသည်။ ပင်စင်ခံစားခွင့်များ ဖြတ်တောက်ခံရပြီး အလုပ်မှအနားယူရမည့်အသက်အပိုင်းအခြားကို တိုးမြှင့်လိုက်ရသည်။ ယခင်က သမဂ္ဂအစီအစဉ်တွင် ပါဝင်ခဲ့သည့် Teamsters အဖွဲ့ဝင် ၄၀,၀၀၀ ကျော်အတွက် သီခြားပင်စင်အစီအစဉ်ကို UPS က နောက်ဆုံးတွင် ပြန်လည်ညှိနှိုင်းပေးခဲ့ရသည်။ ၁၉၉၇တွင် သမဂ္ဂကို လုပ်ပိုင်ခွင့်ပေးလျှင် ကုန်ကျမည့်ပမာဏအနည်းငယ်နှင့်ယှဉ်လျှင် UPS အနေဖြင့် သမဂ္ဂအစီအစဉ်မှ နှုတ်ထွက်၍ ပေးဆောင်ရန်ရှိသည်များမှာ ကန်ဒေါ်လာ သန်း၆ထောင်ကျော် ကုန်ကျခဲ့သည်။
UPS သည် ၁၉၉၈ နှင့် ၁၉၉၉ ခုနှစ်များတွင် တိုးတက်မှုအကောင်းဆုံးနှင့် အမြတ်အများဆုံးရရှိခဲ့သည်။ ၁၉၉၉ တွင် UPS သည် အများပိုင်ကုမ္ပဏီဖြစ်လာပြီး ဝေါစထရိစတော့သမိုင်းတွင် အများပြည်သူသို့ ရှယ်ယာများကနဦး (IPO) ရောင်းချရာတွင် အများဆုံးရောင်းချနိုင်သူဖြစ်ခဲ့သည်။
တစ်နှစ်အကြာတွင် UPS သည် Forbes မဂ္ဂဇင်း၏ “တစ်နှစ်တာ အကောင်းဆုံးကုမ္ပဏီ” အဖြစ် သတ်မှတ်ခံခဲ့ရသည်။